ရွှေကုက္ကိုလ်ဒေသတွင်း ငွေစက္ကူအတုများ လှည့်လည်သုံးစွဲနေ၍ လုပ်ငန်းရှင်များနှင့် ပြည်သူများ အထူးသတိပြုရန် လိုအပ်နေ
၂၀၂၆၊ ဇွန် ၈။ ရွှေကုက္ကိုလ်
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ရွှေကုက္ကိုလ် (SKK) ဒေသတွင် လတ်တလော ရက်ပိုင်းအတွင်း ငွေစက္ကူအတု (ငွေတု) များ လှည့်လည်သုံးစွဲမှု ခပ်စိပ်စိပ် ဖြစ်ပွားနေသဖြင့် ဒေသခံ မိဘပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အထူးသတိပြုကြရန် လိုအပ်နေကြောင်း သိရသည်။
အဆိုပါ ငွေစက္ကူအတုများကို အထူးသဖြင့် ရွှေဆိုင်များနှင့် အရောင်းအဝယ်စည်ကားရာ ဈေးကြီးများတွင် ပိုမိုတွေ့ရှိလာရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ငွေတုအန္တရာယ်ကြောင့် လုပ်ငန်းခွင် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

- ငွေစက္ကူများကို သေချာစွာ စစ်ဆေးခြင်း။ လှည့်လည်နေသော ငွေတုများသည် သာမန်မျက်စိဖြင့် ချက်ချင်းခွဲခြားရန် ခက်ခဲတတ်သဖြင့် ငွေအဝင်အထွက် ပြုလုပ်သည့်အခါတိုင်း ငွေစက္ကူ၏ အသားနှင့် ရေစာတို့ကို စက္ကန့်ပိုင်းမျှ အချိန်ပေး၍ သေချာစွာ စစ်ဆေးသင့်သည်။
- လုပ်ငန်းခွင်အတွင်း လုံခြုံရေးဆိုင်ရာ ပစ္စည်းများ အသုံးပြုခြင်း။ ဆိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းခွင်အတွင်း UV ငွေတုစစ်မီးလုံးများ အသုံးပြုခြင်း၊ ငွေတုစစ်ဆေးသည့် ကိရိယာ/အက်ပလီကေးရှင်းများ အသုံးပြုခြင်းနှင့် CCTV ကင်မရာများကို စနစ်တကျ တပ်ဆင်ထားခြင်းဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်သည်။
- သံသယရှိပါက ချက်ချင်းတိုင်ကြားခြင်း။ မိမိတို့၏ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် ငွေတုအသုံးပြုမှုများ တွေ့ရှိရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်း အကြောင်းကြား တိုင်ကြားရန် လိုအပ်သည်။
ရွှေကုက္ကိုလ်ဒေသတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် မိမိတို့၏ ငွေကြေးအလွှဲအပြောင်း ကိစ္စရပ်တိုင်းတွင် ဆုံးရှုံးမှုမရှိစေရေးအတွက် အမြဲမပြတ် သတိပြု သွားကြရန်လိုအပ်ကြောင်း နှိုးဆော်ထားသည်။
