ရွှေကုက္ကိုမြိုင်တွင် (၂၇) ကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းစည်းဝေးပြုလုပ်
ရွှေကုက္ကိုမြိုင်၊ ဩဂုတ် ၃
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ (၂၇) ကြိမ်မြောက် ရွှေကုက္ကိုမြိုင် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွှေကုਕ္ကိုကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပွဲကျင်းပရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းစည်းဝေးပွဲကို ယနေ့ (ဩဂုတ်လ ၃ ရက်နေ့) က ပြုလုပ်ခဲ့သည်။
အဆိုပါ စည်းဝေးပွဲတွင် အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ခွဲဝေမှုအပိုင်း၊ ကုန်ကျစရိတ် ကြိုတင်တွက်ချက်မှုနှင့် ရိုးရာဓလေ့ ထိန်းသိမ်းရေးဆိုင်ရာ အဓိကအချက်များကို ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ အလှူငွေကောက်ခံရေးနှင့် ဘဏ္ဍာရေး စသည့် လုပ်ငန်းများအလိုက် တာဝန်များကို စနစ်တကျ ခွဲဝေတာဝန်ပေးအပ်ခဲ့ပြီး ပွဲတော်အတွက် လိုအပ်မည့် အသုံးစရိတ်များကို ကြိုတင်လျာထား တွက်ချက်ကာ ဘဏ္ဍာရေးစနစ်တကျရှိစေရေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကရင်အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ အစဉ်အလာမပျက် ပေါ်လွင်ထင်ရှားစေရေးနှင့် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကိုလည်း ကနဦးထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အသေးစိတ်များနှင့် အတည်ပြုချက်များကို ဒုတိယအကြိမ် ညှိနှိုင်းစည်းဝေးပွဲတွင် ပြန်လည်ဆွေးနွေး အတည်ပြုသွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၂၇) ကြိမ်မြောက် ရွှေကုက္ကိုမြိုင် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် စေတနာရှင်များအနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးကြပါရန် လေးစားစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည်။

