
မြိုင်ကြီးငူ၊ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ မြိုင်ကြီးငူ-မယ်သဝေါ ပြည်လင်းအေးမြိုင် ကားလမ်း၊ မကြီး ကျုံထော်ရေတံခွန်အနီးတွင် လမ်းဘေး ဝဲ/ယာ တိုးချဲ့ခြင်း၊ ကျောက်စီခြင်းနှင့် ကွန်ကရစ်လောင်းခြင်း လုပ်အားဒါနကုသိုလ်ပွဲကို သာသနာသက္ကရာဇ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း (၁) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်) စနေနေ့ နံနက် ၉ နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းတိုးချဲ့ကွန်ကရစ်လောင်းခြင်း လုပ်အားဒါန ကုသိုလ်ယူပွဲသို့ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရ မထေရ်မြတ်) နှင့် မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့ ကိုယ်တော်တိုင် ကြွရောက်တော်မူပြီး မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများနှင့်အတူ စုပေါင်း၍ လုပ်အားဒါနပြု ကွန်ကရစ်လောင်းလှူခဲ့ကြကြောင်း သိရှိရပါသည်။
