News

မြဝတီမြို့တွင် ဉာဏ်တော် (၁၀၈) ပေမြင့် ရွှေတိဂုံပုံတူ စေတီတော်နှင့် မဟာမြတ်မုနိ ပုံတူရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်လျက်ရှိ

September 22, 2026
မြဝတီမြို့တွင် ဉာဏ်တော် (၁၀၈) ပေမြင့် ရွှေတိဂုံပုံတူ စေတီတော်နှင့် မဟာမြတ်မုနိ ပုံတူရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်လျက်ရှိ
မြဝတီ၊ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ပိုင်း မဲပလဲ့ကျေးရွာအုပ်စု၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁၄၅၀) ဗျူဟာကုန်း၌ ဉာဏ်တော်အမြင့် (၁၀၈) ပေရှိ ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးကို တည်ထားဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စေတီတော် ပရဝုဏ်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံ အပါအဝင် အခြားသော သာသနိက အဆောက်အအုံများကိုပါ တစ်ပါတည်း တည်ဆောက်လျက်ရှိသည်။ ယင်းစေတီတော်နှင့် သာသနိက အဆောက်အအုံများအား နယ်ခြားစောင့်တပ် (BGF) အတွင်းရေးမှူးဟောင်း ဦးစောချစ်သူ၏ မတည်လှူဒါန်းမှုဖြင့် တည်ထားပူဇော်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားသည်။
ထို့အပြင် အဆိုပါ ဗျူဟာကုန်းနေရာ၌ သစ်တံခါးဆရာတော်ကြီး၏ ထင်ရှားသည့် အဓိဋ္ဌာန်ဝင်နည်းနိဿယဖြစ်သော “ညောင်ဆယ်ပင် အဓိဋ္ဌာန်စခန်း” နှင့် သာသနိက အဆောက်အအုံများကိုလည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဦးဆောင်၍ ကမ္မကထပြု ဆောင်ရွက်လျက်ရှိသည်။
အလားတူ မြဝတီမြို့၊ ပွင့်လင်းအေးမြိုင်ကျေးရွာရှိ သစ်တံခါးဆရာတော်ကြီး၏ ကျောင်းတိုက်ဝင်းအတွင်း၌လည်း မန္တလေး မဟာမြတ်မုနိပုံတူ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးကို တည်ထားဆောက်လုပ်လျက်ရှိရာ လာမည့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြီးသပ် ရှိခိုးပူဇော်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြှော်ရင်း သစ်တံခါးဆရာတော်ကြီး၏ နည်းနိဿယအတိုင်း ညောင်ဆယ်ပင် အဓိဋ္ဌာန်ဝင်ရောက်ကာ ကုသိုလ်ပါဝင်ယူကြပါရန် ဆရာတော်ကြီး၏ တပည့်ဒါယကာ ဦးနိုင်မောင်ဇော်က မြဝတီမြို့သူမြို့သားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများအား ဖိတ်ခေါ်ထားသည်။