ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပ
ဘားအံ၊ စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာရှိ သစ္စာအဓိပတိဘုရားပရဝုဏ် သစ္စာဓိပတိကျောင်းတော်၌ သာသနာသက္ကရာဇ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၈) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်) စနေနေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ သီရိပျံချီ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက မထေရ်မြတ်ကြီး ကိုယ်တော်တိုင် ကြွရောက်ချီးမြှင့်ပြီး ကရင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဗိုလ်မှူးဆန်းကျော် မိသားစုနှင့် နောင်ကမြိုင်ကျေးရွာရှိ တပည့်ဒါယကာ၊ ဒါယိကာမများက ဆရာတော်၊ သံဃာတော်များအား ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ဆွမ်းခဲဖွယ်ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆွမ်းဘုန်းပေးပြီးနောက် ကြွရောက်လာကြသော ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် မေတ္တာသုတ်ပရိတ်တော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ရာတွင် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေသာဓု ခေါ်ဆိုခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကရင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအတိုင်း မိစုံဖစုံတို့က တက်ရောက်လာကြသူများအား လက်ချည်ပေးခြင်း မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
