ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ချစ်ထူးမြိုင်နှင့် ချစ်လင်းမြိုင် ကျောင်းဆောင်သစ်များ ဖွင့်လှစ်၊ ရေစက်ချနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ
ကမော့လဲ၊ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့လဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အလှူရှင်မိသားစုမှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်များ ဖွင့်ပွဲ၊ ရေစက်ချအလှူတော်နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မတည်အလှူရှင် ဗိုလ်ချုပ်စောချစ်သူနှင့် နန်းခင်လှသူ မိသားစုတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် “ချစ်ထူးမြိုင် ကျောင်းဆောင်သစ်” နှင့် “ချစ်လင်းမြိုင် မူကြိုကျောင်းဆောင်သစ်” တို့ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး၊ အလှူဒါနပြုလုပ်ခြင်းအတွက် ရေစက်ချတရားတော်နာယူခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယခုကဲ့သို့ ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ရာ အလှူရှင်မိသားစုအား ဒေသခံများက အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အဆိုပါ ကောင်းမှုကုသိုလ်အစုစုအတွက် ဓမ္မမိတ်ဆွေအပေါင်းမှ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါကြောင်း သတင်းရရှိသည်။

